စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် မက်ဂွာရီ အား မန်ချက်စတာယူနိုက်တက်ခေါ်ယူ

မန်ချက်စတာယူနိုက်တက်အသင်းသည် လက်စတာစီးတီးမှ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ မက်ဂွာရီအား (၆) နှစ်စာချုပ်ဖြင့် ခေါ်ယူစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်သည်။

သောကြာနေ့​သတင်းများအရ ယူနိုက်တက်သည် လက်စတာအသင်းတောင်းဆိုသည့် ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၈၀)အား ပေးချေရန်သဘောတူညီခဲ့ပြီးနောက် ယင်းပမာဏသည် (၂၀၁၈) ခုနှစ်က လစ်ဗာပူးလ်အသင်း ဗန်ဒိုက်အတွက် ပေးချေခဲ့ရသည့် ပေါင် (၇၅) သန်းကိုကျော်လွန်ကာ နောက်ခံလူတစ်ယောက်အတွက် အမြင့်ဆုံးစံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်လာခဲ့သည်။

“ယူနိုက်တက်လို ကြီးကျယ်ခမ်းနားတဲ့အသင်းနဲ့ စာချုပ်ချုပ်နိုင်ခဲ့လို့ ကျေနပ်ပျော်ရွှင်မိပါတယ်…”

“လက်စတာမှာရှိနေခဲ့တဲ့အချိန်တစ်လျှောက်လုံး ကျွန်တော် ပျော်ရွှင်ခဲ့ပါတယ်… လွန်ခဲ့တဲ့ (၂) နှစ်အတွင်း ကျွန်တော့်ကို အားပေးခဲ့ကြတဲ့ပရိသတ်တွေကိုရော အသင်းကပတ်သက်သူအားလုံးကိုပါ ကျေးဇူးတင်ပါတယ်…”

“ဒါပေမယ့်… မန်ချက်စတာယူနိုက်တက်အသင်းက ခင်ဗျားကို တံခါးလာခေါက်ပြီဆိုရင်တော့ ဒါဟာအရမ်းကောင်းမွန်တဲ့အခွင့်အရေးတခုပါ… မန်နေဂျာနဲ့စကားပြောပြီးတဲ့နောက် အသင်းအပေါ် သူထားရှိတဲ့အမြင်နဲ့ အနာဂတ်အစီအစဉ်တွေက ကျွန်တော့်ကိုစိတ်လှုပ်ရှားစေခဲ့ပါတယ်…”

” Ole ဟာ ဆုဖလားတွေအတွက် အသင်းကိုတည်ဆောက်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်… အခုဆို အသင်းဖော်အသစ်တွေနဲ့တွေ့ရဖို့ရယ်… ရာသီသစ်စတင်မယ့်ရက်ရယ်ကို မစောင့်နိုင်အောင်ပါပဲ…”

(26) နှစ်သားအင်္ဂလန်နောက်ခံလူသည် လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက ဆေးစစ်မှုခံယူခဲ့ပြီး အောင်မြင်ခဲ့တာကြောင့် တနင်္ဂနွေနေ့ အိုးလ်ထရက်ဖို့ဒ် မှာကစားမယ့် ချဲလ်ဆီးအသင်းနဲ့ပွဲအတွက် ပွဲဦးထွက်ကစားနိုင်ဖို့် အလားအလာရှိနေသည်။

ယူနိုက်တက်မန်နေဂျာဖြစ်သူ ဆိုးလ်ရှားက – ” ဟယ်ရီဟာ ဒီနေ့ခေတ် အကောင်းဆုံးဗဟိုနောက်ခံလူတွေထဲက တစ်ယောက်ပါ… သူ့ကိုစာချုပ်ချုပ်နိုင်ခဲ့တဲ့အတွက် ကျေနပ်မိပါတယ်…ပွဲရဲ့အခြေအနေကို ကောင်းကောင်းဖတ်နိုင်ပြီး ဖိအားအောက်ရောက်နေတဲ့အခြေအနေတွေမှာ တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံးဖြေရှင်းနိုင်သူပါ…” ဟုလည်း ချီးကျူးခဲ့သည်။

“သူ့အနေနဲ့မကြာခင်မှာပဲ ဒီပတ်ဝန်းကျင်မှာအသားကျလာလိမ့်မယ်ဆိုတာ ကျွန်တော်ပြောနိုင်ပါတယ်… သူ့မှာအရမ်းကောင်းတဲ့ကိုယ်ရည်ကိုယ်သွေးတွေရှိနေပြီး အသင်းအတွက် ကောင်းမွန်တဲ့ခေါ်ယူမှုတစ်ခုပါပဲ…”

မက်ဂွာရီသည် (၂၀၁၇) က ဟူးလ်စီးတီးအသင်းမှ ပေါင် (၁၇) သန်းဖြင့်ပြောင်းရွှေ့ခဲ့ပြီးနောက် လက်စတာစီးတီးအသင်းအတွက် (၂) ရာသီအတွင်း ပွဲပေါင်း (၇၆) ပွဲကစားပေးခဲ့သည်။

Leave a Reply

Your email address will not be published.

လအလိုက်သတင်းများ

ကဏ္ဍအလိုက်သတင်းများ